NOW LOADING

International Contact Radiotherapy Society (ICONE) ၏ ဥက္ကဋ္ဌ မှ M. Med. Tech (Medical Radiation Physics) သင်တန်းများဖွင့်လှစ်သင်ကြားနိုင်ရေး ပြည်ထောင်စုဝန်ကြီးထံ လာရောက်တင်ပြ

Union Minister Dr. Myint Htwe receives President of International Contact Radiotherapy Society (ICONE) Professor Arthur Sun Myint

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် သြဂုတ်လ (၇) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဧည့်ခန်းမတွင် International Contact Radiotherapy Society (ICONE) ၏ ဥက္ကဋ္ဌ ဖြစ်ပြီး University of Liverpool တွင် Honorary Professor အဖြစ်တာဝန်ထမ်းဆောင်နေသူ ပါမောက္ခ ဒေါက်တာအာသာစန်းမြင့်နှင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်) မှ ခေတ္တပါမောက္ခချုပ် ပါမောက္ခဒေါက်တာအေးအေးခင် တို့အားလက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် ပါမောက္ခ ဒေါက်တာအာသာစန်းမြင့်နှင့် ပါမောက္ခဒေါက်တာအေးအေးခင် တို့က-

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် M. Med. Tech (Medical Radiation Physics) သင်တန်းများဖွင့်လှစ်သင်ကြားနိုင်ရေး၊

• ထိုသို့လေ့ကျင့်သင်ကြားရာတွင် စာသင်ခန်းတွင်းသင်ကြားမှု၊ လက်တွေ့သင်ကြားမှုနှင့် အင်တာနက်ကွန်ရက် (online) မှတစ်ဆင့် သင်ကြားမှုတို့ဆောင်ရွက်သွားနိုင်ရေး နှင့်

• သင်ကြားမှုကာလပြီးဆုံးအောင်မြင်ပြီးနောက် အဆိုပါပညာရှင်များအား ဝန်ကြီးဌာနတွင် ဌာနခွဲတစ်ခုထားရှိတာဝန်ပေးအပ်နိုင်ရေး ကိစ္စရပ်များကို တင်ပြခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် Medical Radiation Physics ပညာရှင်များ လိုအပ်လျက်ရှိပါကြောင်း၊

• M. Med. Tech (Medical Radiation Physics) သင်တန်းများဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် အသေးစိတ် အဆိုပြုလွှာကို ဝန်ကြီးဌာနထံ တင်ပြသွားရန်ဖြစ်ပါကြောင်း၊

• သင်တန်းတွင် သင်ကြားမည့် ဝန်ကြီးဌာန၏ ဝန်ထမ်းမဟုတ်သော ပညာရှင်များကို Honorary Lecturer နှင့် Honorary Professor အဖြစ် တာဝန်ပေးအပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• သင်ကြားမှုများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနရှိ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများလည်း ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊

• Medical Radiation Physics ပညာရှင်များအား ဝန်ကြီးဌာနတွင် ဌာနခွဲတစ်ခုထားရှိတာဝန်ပေးအပ်နိုင်ရေးအတွက် functional organogram ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

More Tags